International News

ထိုင်းနိုင်ငံအနေဖြင့် ဆန်ပြည်ပတင်ပို့မှုတွင် တတိယနေရာသို့ ရောက်ရှိသွားနိုင်

Last Updated:

ယှဉ်ပြိုင်စွမ်းအား အားနည်းခြင်း၊ ဈေးကွက်ဝယ်လိုအား ပြောင်းလဲမှုကို ဖြည့်ဆည်းရန် ဆန်အမျိုးအစားများစွာမရှိခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ် ကမ္ဘာ့ ဒုတိယအကြီးမားဆုံး ဆန်ပြည်ပတင်ပို့သူနေရာကို ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိနေပါသည်။

ပြိုင်ဘက်များနှင့်နှိုင်းယှဉ်လျှင် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်ခြင်း၊ မတည်ငြိမ်သောနိုင်ငံခြားငွေလဲလှယ်မှုနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးခေါင်မှုတို့ ကြောင့် ဗီယက်နမ်အနေဖြင့် ဒုတိယနေရာသို့ရောက်ရှိပြီး ထိုင်းနိုင်ငံအနေဖြင့်ယခုနှစ်တွင် တတိယနေရာသို့ကျဆင်းရောက်ရှိသွားနိုင်ကြောင်း ထိုင်းပြည်ပဆန်တင်ပို့ သူများအသင်း ဉက္ကဌ Charoen Laothamatas က ပြောကြားခဲ့ပါသည်။

ထိုင်းဆန်တင်ပို့သူများအသင်းဉက္ကဌ Charoen Laothamatas က ထိုင်းနိုင်ငံအနေဖြင့် နှစ်ပေါင်း (၃၀) အတွင်း အလားတူဆန်များကိုသာ တင်ပို့ခဲ့ကြောင်းနှင့် စားသုံးသူများ၏ အပြုအမူ (Behaviour) များနှင့် ဈေးကွက်ဝယ်လိုအား (Market demand) တို့နှင့် လိုက်လျောညီထွေကိုက်ညီမှုရှိစေရေးအတွက် မိမိတို့အနေဖြင့် ဆန်အမျိုးအစား အများအပြားကို ပိုမိုရွေးချယ်ရန်လိုအပ်လာပြီဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အသင်းအနေဖြင့် ယခုနှစ်အတွက် ပြည်ပသို့ဆန် တန်ချိန် (၇.၅) သန်း တင်ပို့ရန်မျှော်လင့်ထားပြီး ၎င်းမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်အတူတူဖြစ်ပြီး တန်ဖိုးအားဖြင့်အမေရိကန် ဒေါ်လာ (၄.၂) ဘီလီယံ ဖြစ်ပါသည်။ အဆိုပါရည်မှန်းချက်မှာ (၇) နှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်ပြီး၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၆.၆) သန်းတင်ပို့ခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ဆန်တန် ချိန်(၇.၅၈)သန်းတင်ပို့ခဲ့ပြီး တန်ဖိုးမှာ ဘတ်ငွေ (၁၃၁) ဘီလီယံရှိကြောင်း၊ တင်ပို့မှုအနေဖြင့် (၃၂%) နှင့် တန်ဖိုးအားဖြင့် (၂၅%) အသီးသီးကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ယမန်နှစ်က အဓိကဆန်အများဆုံးတင်ပို့သည့် ဈေးကွက်မှာ ဘီနင်း (Benin) ဖြစ်ပြီး ထိုင်းဆန်တန်ချိန် (၁.၀၇) သန်းကို တင်သွင်းခဲ့ကြောင်း၊ ၎င်းနောက်တွင် တောင်အာဖရိကနိုင်ငံရှိပြီး ဆန်တန်ချိန် (၇၂၅,၄၆၁) တင်သွင်းခဲ့ကြောင်းနှင့် အမေရိကန်နိုင်ငံမှလည်း ထိုင်း ဆန်တန်ချိန် (၅၉၉,၉၅၇) တင်သွင်းခဲ့ကာ တရုတ်နိုင်ငံမှ ဆန်တန်ချိန် (၄၇၁,၃၃၉) တင်သွင်းခဲ့ပါသည်။

Mr. Charoen က တရုတ်နိုင်ငံအနေဖြင့် ဆန်တန်ချိန် (၁၂၀) သန်းကို သိုလှောင်ရန် အရှိန်မြှင့်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယမန်နှစ်က တရုတ်နိုင်ငံ အနေဖြင့် ဆန်တန်ချိန် (၃) သန်းနီးပါးကို ပြည်ပတင်ပို့ခဲ့ပါသည်။ အသင်း၏ဂုဏ်ထူးဆောင်ဉက္ကဌ Chookiat Ophasqongse က ထိုင်းဆန်တင်ပို့မှု အလားအလာ အတွက် အဓိကအန္တရာယ်ရှိသော အချက်များတွင် ဘတ်ငွေတန်ဖိုးမြင့်တက်နေမှု၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးခေါင်မှု၊ တရုတ်၏ ကြီးမားသောဆန်သိုလှောင်မှု၊ ဗီယက်နမ်၏ ဆန်အမျိုးအစားများပြားစွာ ဆက်လက်ဖွံ့ဖြိုး တိုးတက်နေမှု၊ အထူးသဖြင့် ဆန်မွှေးနှင့်ပျော့ပြောင်းနူးညံ့သောဆန်ဖြူ တို့ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ ထို့အပြင် ဗီယက်နမ်အနေဖြင့် ထိုင်းဆန်များထက်ဈေးနှုန်းချိုသာစွာတင်ပို့နိုင်ခဲ့ပြီး တရုတ်ဈေးကွက်ကဲ့သို့ အဓိကဈေးကွက်များဖြစ်သော ဟောင်ကောင်၊ ဖိလစ်ပိုင်နှင့် မလေးရှား ဈေးကွက်များကိုလည်း ထိုးဖေါက်နိုင်ခဲ့ပါသည်။

အန္တရာယ်ရှိနိုင်သော အချက်များမှာ အီးယူ-ဗီယက်နမ်လွတ်လပ်သောကုန်သွယ်မှု သဘော တူညီချက် နှင့် ဗီယက်နမ်နိုင်ငံအား အီးယူနှင့် CPTPP ဈေးကွက်များသို့ ချဲ့ထွင်ခွင့်ပြုရန် ခွင့်ပြု သည့် ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုဆိုင်ရာ သဘောတူညီချက်တို့ဖြစ်ပါသည်။

Mr.Chookiat က ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုသည် ဆန်စားသုံးသူများ အထူးသဖြင့် တရုတ်, ဟောင်ကောင်နှင့် စင်္ကာပူတို့ကို ဆန်သိုလှောင်မှုကို မြှင့်တင်ရန် ဖိအားပေး လိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားအနေဖြင့်ယမန်နှစ်က ဆန်တန်ချိန်(၃)သိန်းထက် တိုးမြှင့်၍ ယခုနှစ်တွင် ဆန်တန်ချိန် (၁)သန်း တင်သွင်းရန် စီစဉ်နေပါသည်။  ဗိုင်းရပ်စ်ဖြစ်ပွားမှုက တရုတ်၊ ဟောင်ကောင်နှင့် စင်္ကာပူတို့ကို စိုးရိမ်ထိတ်လန့်မှုကိုဖြစ်ပွားစေပြီး ၎င်းတို့၏ ဆန်ဝယ်လိုအားကို တိုးပွားစေလိမ့်မည်ဖြစ်ကြောင်း Mr.Chookiat ကပြော ကြားခဲ့ပါသည်။ ဝယ်လိုအားမြင့်တက်လာမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှု တန်ချိန် (၇.၅) သန်းရရှိရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News